ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြား

ဘိုကလေး ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန်(၂)ရက်နေ့မှ စတင်ကာ ဘိုကလေးမြို့နယ်တွင်းမှ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားလျက် ရှိသည်။

ဘိုကလေးမြို့နယ်တွင် အ.ထ.က(၁၆)ကျောင်း၊ အ.ထ.က(ခွဲ) (၁၇)ကျောင်း၊ အ.လ.က (၂၀)ကျောင်း၊ အ.လ.က(ခွဲ) (၅၅)ကျောင်း၊ မူလွန်(၈၈)ကျောင်း၊ အ.မ.က(၂၇၁)ကျောင်း၊ အ.မ.က(ခွဲ) (၂၈)ကျောင်း၊ ဘက(၁၈)ကျောင်းရှိပြီး ယခုစာသင်နှစ်တွင် ယခင်နှစ်က ကျောင်းအပ်နှံခြင်းမရှိသူများ၊ ကျောင်းတက်ရောက်ခြင်း မရှိသူများပါ လာရောက်ကျောင်းအပ်နှံ တက်ရောက်ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ စာသင်နှစ်တွင် ကျောင်းအပ်နှံတက်ရောက်သူ (၆၂) ရာခိုင်နှုန်းသာရှိပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဇွန်လ(၁)ရက်နေ့ ညနေပိုင်းထိ ကျောင်းအပ်နှံသူ စုစုပေါင်း (၄၄၉၈၁)ဦးရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် (၁၀၁.၅၂) ရာခိုင်နှုန်း ရှိပြီး လျာထားချက် ကျောင်းသားဦးရေအား ကျော်လွန်၍ ကျောင်းအပ်နှံတက်ရောက်ကြ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုးစက်(ဘိုကလေး)