ကြံခင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင် စိုက်ပျိုးရေး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများက ကြံခင်းမြို့နယ်အတွင်း စံကွက်ရိတ်သိမ်းပွဲ၊ နေကြာမျိုးစေ့ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်း အနားသို့ ယမန်နေ့ နံနက်ပိုင်းက တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ကြံခင်းမြို့နယ် ဘက်ရဲမြို့၊ ဘက်ရဲကျေးရွာ ကွင်းအမှတ် ၅၈ ဃ၊ ဦးပိုင်အမှတ် (၈၄/၂)၊ တောင်သူဦးအေးမင်း၏ လယ်တွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပခဲ့ပြီး ဆင်းသုခစပါးမျိုးစံကွက်ရိတ်သိမ်းရာ တစ်ဧက အခြောက် အထွက်နှုန်း (၈၁)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စိုက်ပျိုးရေး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဇင်မောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများက စံကွက်ရိတ်သိမ်းမှု အခြေအနေအား ကြည့်ရှုပြီးနောက် ကြံခင်းမြို့ဧရာဦး ခန်းမတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ်ဧက(၁၀၀၀) စိုက်ပျိုးမည့် ကျေးရွာအုပ်စုများသို့ နေကြာမျိုးစေ့ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ အဖွင့် အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဇင်မောင် က ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထုတ် နည်းပညာနှင့် စိုက်ပျိုးနည်းစနစ် ကောင်းမွန်တိုးတတ်စေရေး၊ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် အထွက်နှုန်းတိုးတတ်စေရေး၊ စားသုံးဆီဖူလုံစေရေးအတွက် တိုးချဲ့စိုက်ပျိုးရန် စိုက်ဧကများ ပြည့်မီကျော်လွန်ရေးအား ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာကြသော တောင်သူများမှ သိလိုသည်များ မေးမြန်းခြင်း၊ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် ဆီထွက်သီးနှံနေကြာမျိုးစေ့ထုတ်ဧက (၁၀၀၀) စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား နေကြာမျိုးစေ့ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ်သို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးမြင့်သန်းဝင်းမှ နိဂုံးချုပ်စကား ပြောကြားပြီးနောက် အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)