ရေဖြူ ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာသင်ကျောင်းများဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်က ရေဖြူမြို့ပေါ်အခြေခံပညာကျောင်းများအပြင် ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးပြီး ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကိုလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ရေဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျေောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုအခြေအနေများအား ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာအားပေးစကားပြောကြားပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်/ဆက်(ရေဖြူ)