ကျောက်တလုံးကြီး စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ ပထမနိမ္မိတ သပိတ် မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၁)နှစ်ခွဲ အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ကျောက်တလုံး ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နန်းစမ်းချို ဦးဆောင်၍ (၁)နှစ်ခွဲအောက် ကလေးများ ကို လက်ဆေးခြင်း၊ ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ ကိုယ်အလေး ချိန်တိုင်းတာ ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပြင်းထန်ဝမ်းလျှောဝမ်းပျက်(ရိုတာ)၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန် ကာကွယ်ဆေးများကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)