ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟင်္သာတ  ဇွန်  ၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ  အချိန်က အဆိုပါကျောင်း ရွှေဝါထွန်း ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)ကျောင်း ဒုတိယပါမောက္ခချုပ်   ဒေါက်တာ ထွန်းမြတ်အောင် က ဟောပြော ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို   ပြောကြားခဲ့​ပြီးနောက်    ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်က ကူးစက်တတ်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများအကြောင်း ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရန် ၊ မိုးရာသီ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ၊ လည်းကောင်း ၊ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများအကြောင်းကိုလည်းကောင်း ၊ အရေပြားရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဇာနည်ထွန်းက လူတစ်ဦးအတွက် အရေးကြီး သောအာဟာရအကြောင်း၊ တစ်ကိုယ်ရေး သန့်ရှင်းအရေးကြီးပုံ အကြောင်းများ ၊ လုံခြုံစိတ်ချ ယနေ့လူနေမူ ဘဝများအကြောင်းများကိုအကျယ်တဝံ့ အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၏ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်နားထောင် ခဲ့ကြကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ