ကျွန်းလှတွင် ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး

ကျွန်းလှ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ဈေးများနှင့် ပျံကျဈေး၌ ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီများ၊ တာဝန်ရှိသူများ ပူးပေါင်းပြီး ဈေးရောင်း/ဈေးဝယ်သူများကို နှာခေါင်းစည်း တပ်ဆင်ကြရန် နှိုးဆော်ခြင်း၊ အပူချိန်တိုင်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ သတ်မှတ် စည်းမျည်းစည်းကမ်းများ လိုက်နာရန်နှိုးဆော်ထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ ဦးထွန်းလင်းဇော်က ပြောကြား သည်။

မျိုးဝင်းညို(ကျွန်းလှ)