ပခုက္ကူ ဇွန် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၆ရက်မှ ယမန်နေ့အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြရာ ယမန်နေ့အထိ ပခုက္ကူမြို့နယ်တွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၈၁၁၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၃၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ မူလ တန်းကျောင်း (၈)ကျောင်း၊ စုစုပေါင်း (၅၇)ကျောင်းတို့တွင် ကျောင်းအပ်နှံမှု လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ရာ ဇွန်လ ၁ရက်နေ့အထိ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၅၀၃၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၂၉)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၄၇)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၁၁၅)ဦး လာရောက်အပ်နှံကြပြီးဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံမှုလုပ်ငန်း ဆောင်ရွက်သည့် အခြေခံပညာကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေရွားအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)