စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ဆိုင်ခန်းများတည်ဆောက်ရေး စီမံကိန်းသည် ဒေသခံများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားနိုင်

မုံရွာ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ Triple Circle Industry Co.Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါ အစည်းအဝေးမှ စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ဆိုင်ခန်းများ တည်ဆောက်ရေး စီမံကိန်းသည် ဒေသခံများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားနိုင်ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်တွင် အကောင်အထည်ဖော်မည့် Triple Circle Industry Co,Ltd ၏ ဆိုင်ခန်းများ တည်ဆောက်ရန်  ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် အတည်ပြုမိန့် လျှောက်ထားလာခြင်းများနှင့် ပတ်သက်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၂၀၀ ကျော်ကို ဖန်တီးပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအားလုံး တည်ဆောက်ပြီးစီးသွားပါက စစ်ကိုင်းမြို့၊ စက်မှုဇုန်အနီးရှိ စက်ရုံအသီးသီးမှ ထုတ်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်သည့်အတွက်   လိုအပ်သည်များကို အခြားသောမြို့ကြီးများသို့  သွားရောက် ဝယ်ယူစရာ မလိုတော့ဘဲ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းအစုံကို တစ်နေရာတည်းတွင် အလွယ်တကူ ဝယ်ယူရရှိမှာ ဖြစ်ပါကြောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ပညာရေးတက္ကသိုလ်၊ သမဝါယမတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေ ပြည်သူများအတွက် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က စစ်ကိုင်းမြို့နယ်၊ ပတ္တမြား စက်မှုဇုန်တွင် Triple Circle Industry Co,Ltd မှ တည်ဆောက် အကောင်အထည်ဖော်မည့် ဆိုင်ခန်းများ တည်ဆောက်၍ ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း အဆိုပြုချက်များ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် မေလအတွင်း ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့သော အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် Triple Circle Industry Co,Ltd မှ တာဝန်ရှိသူများက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်နိုင်စိုး (ထီးလှိုင်မြေ)