ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံသော ကျောင်းသားကျောင်းသူ (၈၃၄၄) ဦး အပ်နှံပြီးစီး

ငဖဲ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၃) ကျောင်း၊ အ.ထ.က(ခွဲ) (၃) ကျောင်း၊ အ.လ.က (၅) ကျောင်း၊ အ.လ.က(ခွဲ) (၁၁) ကျောင်း၊ မူလွန် (၁၅) ကျောင်း၊ အ.မ.က (၃၄) ကျောင်း၊ အ.မ.က(ခွဲ) ၁၂ ကျောင်း၊ စုစုပေါင်း (၈၃) ကျောင်းတို့မှ ကျောင်းသားကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၆) ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံသော ကျောင်းသားကျောင်းသူ (၈၃၄၄) ဦးရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံကြသော ကျောင်းသားကျောင်းသူများအား ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ဇွန်လ(၂)ရက်နေ့ ကျောင်းဖွင့်ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော အတန်းလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်များ၊ ဘောလ်ပင်၊ ခဲတံများကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပေးအပ်ပြီး ယနေ့ထိ ငဖဲတစ်မြို့နယ်လုံးအနေဖြင့် ကျောင်းအပ် ကျောင်းသားကျောင်းသူအရေအတွက်မှာ မူလတန်းဆင့် (၅၅၉၀) ဦး၊ အလယ်တန်းဆင့် (၂၁၈၀) ဦးနှင့် အထက်တန်းဆင့် (၅၇၄) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၈၃၄၄) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယု (ငဖဲ)