ဟားခါး မေ ၃၁
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးလှုပ်ရှားမှုအဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို နှစ်ရှည်သီးနှံပျိုးပင်များနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ဟားခါးမြို့၊ ကျောဘုတ် ဥယျာဉ်ခြံ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ပြီး ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ပြည်နယ်အစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးများနှင့် ချိတ်ဆက်၍ လည်းကောင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရပြည့်ဝစေ ရေးကို ဦးတည်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း အစားအစာထုတ်လုပ်ရရှိနိုင်မှု တိုးတက်ရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် အခြားလူမှုစီးပွားတိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်သဖြင့် ဟန်ချက်ညီညီ တိုးတက်ဖွံ့ဖြိုးရန် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် ဒေသတွင်းစာနပ်ရိက္ခာ အစားအစာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရန် အတွက် စပါး၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ အားလူး၊ ဆပ်နှင့် အလားအလာကောင်း အမယ်သစ် သီးနှံများကိုလည်း စမ်းသပ်စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝမ်းစာဖူလုံစေရန်အတွက် နှစ်စဉ် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသတွင်း ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် လိမ္မော်၊ စပျစ်၊ ဝဥ၊ ထောပတ်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည်ပင်မျိုးများကို စိုက်ပျိုးနိုင်ရေးကိုလည်း အားပေးတိုက်တွန်းသလို စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အထွက်ကောင်းမျိုးစေ့များဖြစ်သော စပါး၊ ပြောင်း၊ ဂျုံနှင့် ဆီဖူလုံ စေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာသီးနှံ မျိုးစေ့များကို တောင်သူများအား ဖြန့်ဖြူးပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် သီးနှံများ ဧကတိုးချဲ့နိုင်ရေးနှင့် အထွက်နှုန်းကောင်းစေရန်အတွက် တောင်သူဦးကြီးများ၏ စိုက်နည်းစနစ်ပြောင်းလဲ၍ နိုင်ငံတကာ ၏ ထောက်ခံချက်ရရှိသည့် စိုက်ပျိုးနည်းစနစ်များဖြစ်သော GAP (Good Agriculture Practice) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မှသာ ဝမ်းစာ ဖူလုံ၍ ဝင်ငွေများရရှိကာ လူနေမှုဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံနှင့် ဟင်းသီးဟင်းရွက်များ ရရှိနိုင်ရေး အတွက် သုတေသနပြုလုပ်ငန်း ဆောင်ရွက်ပေးမှုအပေါ် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း နှင့် သုတေသနပြုလုပ်ခြင်းမှ ရရှိသော တွေ့ရှိချက်များကို ဒီဒေသတွင် လက်တွေ့အသုံးချနိုင်ရေး အတွက် ဆက်လက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉−၂၀၂၃ ခုနှစ် ချင်းပြည်နယ်ဝမ်းစာဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံမှု အထောက်အကူဖြစ်စေရန် သီးနှံဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်မှုရလဒ်ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လက်ထောက်သုတေသနအရာရှိ ဦးသန်းနိုင်ဦးက လည်းကောင်း၊ မြေအသုံးချရေးဌာနခွဲ၏ လုပ်ငန်း တာဝန်များနှင့် စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်ခြင်း ဆောင်ရွက်မှုလုပ်ငန်းအခြေအနေများကို မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးဘိုဆွေ ကလည်းကောင်း၊ တောင်ယာစပါး (၃၇)မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် ပြည်နယ်အတွင်း မျိုးစေ့ဖြန့်ဖြူးမှု အခြေအနေများကို ပြည်နယ် မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဦးကြည်လှိုင်းက လည်းကောင်း၊ Hydroponics System အာဟာရ အရည်ဖြင့် မြေမဲ့စိုက်ပျိုးခြင်းအကြောင်းကို သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးခင်မောင်ဝင်း က လည်းကောင်း၊ တီကောင်မွေးမြူခြင်းနှင့် စွန့်ပစ်မြေသြဇာ ထုတ်လုပ်ခြင်းအကြောင်းကို ခရိုင်မြေ အသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်က လည်းကောင်း Power Point ဖြင့် ရှင်းလင်း တင်ပြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦးက ဖြည့်စွတ်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ အကြုံပြု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မြေအသုံးချ ဓာတ်ခွဲခန်းသို့ သွားရောက်ပြီး သီးနှံကာကွယ်ရေးဌာနခွဲမှ ခင်းကျင်းပြသ ထားသော ဓာတ်ခွဲပစ္စည်းကိရိယာများ၊ မျိုးစေ့ဌာနခွဲမှ ခင်းကျင်းပြသထားသည့် မျိုးစေ့များနှင့် ကျောဘုတ်ဥယျာဉ်ခြံရှိ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြသော အစေ့ထုတ်ပြောင်း မျိုး (၄) မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်၊ တောင်ယာ စပါး (၃၇)မျိုး မျိုးယှဉ်ပြိုင်စမ်းသွက်ကွက် စသည့် စမ်းသပ်ကွက်များနှင့် စပျစ်စံပြစိုက်ခင်း၊ စတော်ဘယ်ရီစံပြစိုက်ခင်း၊ စံပြခရမ်းချဉ်စိုက်ခင်း စသည့် သုတေသနစံပြစိုက်ခင်းများကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ကျောဘုတ်ဥယျာဉ်ခြံရှိ သတ်မှတ်နေရာ၌ နှစ်ရှည်သီးနှံပျိုးပင်နှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ပွဲကျင်းပရာ နှစ်ရှည်သီးနှံပျိုးပင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သံယံဇာရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ်နှင့် စစ်ဗျူဟာမှူးတို့က တောင်သူဦးကြီးများထံသို့ ပေးအပ်ကြ သည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် စစ်ဗျူဟာမှူးတို့အား ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)