တမူးခရိုင်၊ မြို့သစ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေး သွားမည်

မြို့သစ်    စက်တင်ဘာ    ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှုအများဆုံး ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကာကွယ်ဆေးက ကိုးနှစ်နဲ့ဆယ်နှစ်အရွယ် အမျိုးသမီးငယ်တွေကို တစ်နှစ်လျှင်တစ်ကြိမ် ထိုးနှံပေးမှာဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် သနန်ကျန်းမာရေးဌာနအနေနဲ့ သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံရန် စုစုစုပေါင်း လူဦးရေ (၁၆၀)ဦးရှိကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့သစ်မြို့၊ သနန်ကျေးရွာ၊ ကျန်းမာရေး မှူး ဦးမျိုးလွင်က ပြောကြားသည်။

မြို့သစ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ HPV(Human Papilloma Virus) ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ အတွင်းမွေးဖွားသူ အမျိုးသမီးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေးဆရာမများက စာရင်းများလိုက်လံကောက်ယူထားရှိပြီး မြို့သစ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ စက်တင်ဘာ ၂၀ ရက်နေ့တွင် သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရှိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)