ကျိုက်လတ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီခန့်က ကျိုက်လတ်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရန် တာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူလင်းက စီမံကိန်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရမည့် အခြေအနေများအား လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဖုန်းက စိုက်ပျိုးရေး ဆိုင်ရာကိစ္စများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျိုက်လတ်မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျက မြို့မ(၁)စခန်းကို လည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းက မြို့မ(၂)စခန်းကို လည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အောက်ဆင်ကူးစခန်းကို လည်းကောင်း၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေက ကျုံလမု စခန်းကို လည်းကောင်း၊ အတွင်းရေးမှူးက ဆူးကနန်းစခန်းကို လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိက ရုံးဒေါင့်စခန်းကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိက သမက်ပြေစခန်းကိုလည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရီမြင့်