ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အသိပညာပေး TALK SHOW ပြုလုပ်

ရေဦး ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြောင်း အသိပညာပေး TALK SHOW ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲ‌နောင်ချစ်က အသိပညာပေး TALK SHOW ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်း‌လင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ်က မိတ်ဆက်စကားနှင့်အတူ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာ၀န် (၄) ရပ်ဖြစ်သော  မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု‌ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောပြခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးမှ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုန့်ပြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဦးမြို့နယ်အနေဖြင့် မိုးသက်လေပြင်းဒဏ်နှင့် မိုးသီးကျရောက်မှုဒဏ် အနည်းငယ်မျှ ကြုံတွေ့ခဲ့ကြရပြီး ရေကြီးမှုဒဏ်ခံစားရမှု နည်းပါးခဲ့ကြောင်း၊ အကယ်၍ သဘာ၀ဘေးတစ်ခုခု ကြုံတွေ့ပြီဆိုပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်အသိပေးကြရန် လိုအပ်ကြောင်း၊ အချိန်မီသိရှိမှ အချိန်မီကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း၊ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ကြေညာသည့် မိုးလေ၀သသတင်းများကို သိရှိလိုက်နာ ဆောင်ရွက်ကြရန်နှင့် ငလျင်ဘေး၊ ရေဘေး စသည့် သဘာ၀ဘေးဒဏ် မခံစားမိ‌စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း မိဘပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အတူပူးပေါင်းပါ၀င်ဆောင်ရွက်ပေးရန် အရေးကြီးကြောင်းနှင့် သတိမမူဘဲ ပေါ့ဆစွာနေထိုင်ကြမည်ဆိုပါက ထိခိုက်ဆုံးရှုံးမှုများ တွေ့ကြုံခံစားကြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)