အိမ်မဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာ တောင်သူ ဦးလှကျော်၏ ကွင်းအမှတ်(၉၄/၁၆၁၂)၊ ဦးပိုင်အမှတ် (၁၀/၂)တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူ ဦးလှကျော်၏ စိုက်ပျိုးမြေ (၃၅)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်း မြေသြဇာတစ်ဧက စိုက်ပျိုးလျှင် (၁၃.၈)တန်ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂)အိတ်နှင့် ညီမျှကြောင်းကို ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဒုတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းအောင်စန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများတို့မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ် ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည် ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြင့် အသုံးပြုလို့ရပါပြီ။ တစ်ဧက ကို (၁၃.၈)တန်ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂)အိတ်နဲ့ညီမျှပါတယ်။ အခုယူရီးယား ဓာတ်မြေသြဇာက (၁)အိတ်ကို ၈၅၀၀၀ ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး (၁၀၀၀)ကျပ်သာ ကျပြီး ယူရီးယား (၂)အိတ်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့အကြံပြုချင်ပါ တယ်လို့” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ)