မြောင်းမြ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစန်းဌေးက အဖွင့်အမှာ စကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ကျန်းမာရေးမှူး ဒေါက်တာစိုးသက်က အသက် ၉ နှစ်မှ အသက် ၁၅ နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်း ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများအား ရှင်းလင်း ခဲ့သည်။
ဆက်လက်၍ အလှူရှင်များမှ လှူဒါန်းထောက်ပံ့ပေးသော ကျောင်းသုံးဗလာစာအုပ်များကို မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်