ပြည်မြို့အဝင်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ နေ့စဉ် စစ်ဆေးမှုများဆောင်ရွက်

ပြည်  စက်တင်ဘာ  ၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်  ရန်ကုန်ဘက်မှပြည်မြို့အဝင်(ဆင်မကြပ်)လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ မော်တော်ယာဉ် များနှင့်ခရီးသွားများကို ခရီးသွားရာဇဝင်နှင့် နေရပ်လိပ်စာများ မေးမြန်းစစ်ဆေးခြင်း၊ ထောက်ခံစာများ  ကြပ်မတ်စစ်ဆေးခြင်းနှင့်အပူချိန်တိုင်းတာ၍ ကျန်းမာရေး စစ်ဆေးခြင်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ(ဆင်မကြပ်)စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဂိတ်တွင် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊အရပ်ဘက်ပရဟိတလူမှုအဖွဲအစည်းများနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းကာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများကို  အဆိုင်း (၃)ဆိုင်းခွဲ၍ နေ့စဉ်(၂၄)နာရီ ဆောင်ရွက်လျက်ရှိကြောင်းနှင့်အလားတူ ရခိုင်ပြည်နယ် ဘက်မှ ပြည်မြို့အဝင် နဝဒေးတံတားထိပ်တွင်လည်း

သြဂုတ်၂၂ရက်စတင်ကာ  ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးမှုများ နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)