ထားဝယ် ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းတွင် ထားဝယ်မြို့ရှိကုန်စုံဆိုင်နှင့်ဈေးဆိုင်များတွင် အစားအသောက်နှင့်လူသုံးကုန်/အလှကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောပစ္စည်းများရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောပူးပေါင်းအဖွဲ့များက ညောင်ပင်ကြီးလမ်းရှိကုန်စုံဆိုင်များနှင့် ဗိုလ်ချုပ်လမ်းရှိဒေါ်ခင်ချိုကုန်စုံဆိုင်၊ ညောင်ပင်ကြီးဈေးရှိဈေးဆိုင်များတွင် အစားအသောက်နှင့်အလှကုန်၊ လူသုံးကုန်များတွင်တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှတင်ပြထား သောပစ္စည်းများရောင်းဝယ်မှုမရှိစေရေးမှာကြားပြီး ဆိုင်များမှ မုန့်ဖတ်၊ ပဲပါး၊ ပဲပင်ပေါက်၊ ဂျုံ၊ ခေါက်ဆွဲခြောက် စသည့် အစားအသောက်နမူနာ (၇)မျိုးအား ဖော်မလင်၊ ဘိုးရက်စ်နှင့် ခွင့်မပြုဓာတုပစ္စည်းများပါဝင်ခြင်းရှိ/ မရှိကို ရွှေ့လျားဓာတ်ခွဲယာဉ်ရှိ တစ်ခါသုံးဓာတ်ခွဲပစ္စည်းများဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြုဓာတုပစ္စည်းများပါဝင်ခြင်းမရှိကြောင်း သိရသည်။
ဆက်လက်၍ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့်ဈေးဝယ်သူများအား ကျန်းမာရေးထိခိုက်စေသည့်ဆိုးဆေးနှင့်တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်း သောအစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက် ၅ ချက်ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပြီး ဆိုင်များမှငရုတ်ဆီနှင့်အချိုရည်နမူနာများကို FDA (တိုင်းရုံး)တွင် ခွင့်မပြုဆိုးဆေးပါဝင်ခြင်းရှိ/မရှိစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)