ကျွန်းစုမြို့တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျွန်းစု စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ ထုတ် စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု ရှိ၊ မရှိ ကို ယမန်နေ့ နံနက်ပိုင်းက သန္တုတ်ကျေးရွာရှိ မျိုးစေ့ထုတ် စိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ခရိုင်ပိုးမွှား ကာကွယ်ရေး တာဝန်ခံ ဦးသက်လွင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးမင်းမင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမိုးအောင်နှင့် ဝန်ထမ်းများက သန္တုတ်ကျေးရွာရှိ တောင်သူဦးထွန်းဝေပိုင်သော မျိုးစေ့ထုတ် စိုက်ခင်း(၃၅)ဧက အတွင်း ပိုးမွှားကျရောက်နေမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး မျိုးကွဲနုတ်ပယ် ပေါင်းမြက်ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြ သည်။

ကျွန်းစုမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက(၇၀)ရှိပြီး ၎င်းတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံတော်က ကိုဗစ်-၁၉ စီးပွားရေး ကုသမှု အစီအစဉ်ဖြင့် မိုးစပါးထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်း လုပ်အားခများကို ပထမအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)