တနင်္သာရီ စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်အောင်မင်္ဂလာ ဈေး(၂)အတွင်း ဈေးဆိုင်ခန်းများမှာရောင်းချနေကြသော ဈေးဆိုင်ခန်းရှင် များအား တွေ့ဆုံ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက် များကို တိကျစွာလိုက်နာ၍ ဆပ်ပြာရည်ဖြင့် စနစ်တကျ လက်ဆေးကာ Mask တပ်ဆင် ပြီးမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် နေ့စဉ်အမှိုက်သိမ်းစနစ်အား အမှိုက်အိတ်တွင်နာမည်ရေးမှတ်ထားပြီး သတ်မှတ်နေရာမှာ အမှိုက်များကိုစုပုံ စွန့် ပစ်ပေးကြပါရန်နှင့် စည်/ပင်အမှိုက်သိမ်းယာဉ်မှလာရောက်သိမ်းဆည်းမည်ဖြစ်သဖြင့် စည်းကမ်းလိုက်နာ ဆောင်ရွက်ကြပါရန် တွေ့ဆုံမှာကြားကြောင်း သိရှိရသည်။
ဆက်လက်၍ယခုဆွေးနွေးမှာကြားချက်များသည် စက်တင်ဘာ၅ရက်နေ့မှစတင်၍ အကျုံးဝင်ပါကြောင်း မိမိတို့ရှောင်တခင်လာရောက်စစ်ဆေးမည်ဖြစ်ပြီး ဈေးရောင်းချနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မပြုပါက အမည်စာရင်းမှတ်သားထား၍ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးသို့ခေါ်ယူကာ (ပထမ) အကြိမ်တွင် စည်ပင်သာယာရေးအဖွဲ့ စီမံဒဏ်ငွေ အဖြစ် (၅၀၀၀) ကျပ်ဒဏ်ရိုက်မည်ဖြစ်ပြီး၊ Mask မတပ်ဆင် ခြင်း (ဒုတိယ)အကြိမ်တွေ့ရှိပါက စီမံဒဏ်ငွေ(၅၀၀၀) ကျပ်နှင့်ဈေးရောင်းချခွင့် (၃)ရက် ပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တတိယအကြိမ်တွင် ဈေးရောင်းချခွင့် အားအပြီးသတ်ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ်မှတ် စည်းကမ်းနှင့် အညီအမှိုက်မစွန့်ပစ် ပါကဒဏ်ငွေကျပ်(တစ်သိန်း)ဒဏ်ရိုက်၍ အထောက်အထားနှင့် တကွ သတင်းပေးသူတိုင်ကြားသူအား ဒဏ်ငွေ၏ တစ်ဝက်ဖြစ်သော(၅၀၀၀၀)ကျပ်ကို ပြန်လည်ချီးမြှင့်ပေးမည် ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဈေးရောင်းသူများက သန့်ရှင်းမှု/လုံခြုံမှုမရှိသော ဈေးအိမ်သာအား ပြင်ဆင်မှု ပေးရန်၊ ဈေးကောက် ကောက်ခံနေခြင်းအား ပြေစာဖြတ်ပိုင်းဖြင့် ကောက်ခံပေးစေလိုကြောင်း ဈေးကောက်ဈေးနှုန်းများကိုလည်း အများမြင်သာမှုရှိစေရန်အတွက် ဗွီနိုင်းပိုစတာများဖြင့် ကြေညာပေးစေလိုကြောင်း ပြန်လည်တင်ပြကြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေ နဲ့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်တို့က ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးဖြေကြားပေးသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၂) ကုန်စိုဈေးအတွင်း ဈေးဆိုင်ခန်းပေါင်း(၁၂၀)နှင့် ၎င်းဈေးအရှေ့ ခေါင်းရွက်ဗျတ်ထိုးဈေးဆိုင်(၃၀)ဦးရှိကြောင်း ဈေးခေါင်း(၄) ဦးငွေဝင်းထံက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)