ဆိပ်ဖြူ ဇွန် ၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆိပ်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ကျောင်းအပ်နှံရေးနှင့် ပညာရေးဆိုင်ရာအချက်လက်များ ရှင်းလင်းပြောကြားပးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးထံသို့ ကျောင်းသား/ကျောင်းသူများအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆိပ်ဖြူ (အ.ထက) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများကို အားပေးစကားများ ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)