ဘားအံ ဇွန် ၁
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် မေလ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းက ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကုသလအား သွားရောက်ဖူးမြော်ကြည်ညို၍ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမမောင်းမြို့၊ ကိုးနဝင်းပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် သုံးလစာဆန်ဘိုးထောက်ပံ့ငွေကျပ် သိန်းတစ်ရာကို ဆရာတော်ဘဒ္ဒန္တကုသလထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းနေ ကျောင်းသား၊ ကျောင်းသူများ အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး အဆင့်မြင့်ပညာ တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၈ ဦးအတွက် ငွေကျပ် ၄၁၆၀၀၀၀ (လေးဆယ်တစ်သိန်းခြောက်သောင်းတိတိ) ကို လည်းကောင်း၊ လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများကိုယ်စားကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ မြို့နယ်နှင့်ကမမောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကမမောင်းမြို့အုပ်ချုပ်ရေးမှူးရုံးခန်းမ၌သွားရောက်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ ဝန်ထမ်းများအတွက် ဆန်(၁၉၀)အိတ်နှင့် ဆီ(၇၆၀)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြုံတွေ့ရသည့်အခြေအနေနှင့် လိုအပ်သည်များဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)