မြိုင်ကြီးငူနှင့်ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်မိသားစုများနှင့်ကျောင်းသား/သူများအား ဆန်၊ ဆီနှင့် ပညာသင်စရိတ်များထောက်ပံ့

ဘားအံ ဇွန် ၁

ဖာပွန်မြို့နယ်နှင့်ကမမောင်းမြို့ရှိကျေးရွာအချို့တွင် နယ်မြေအခြေအနေအရ မြိုင်ကြီးငူအထူးဒေသနှင့်ကမမောင်းမြို့တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ဆီနှင့်ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မေလ ၃၀ ရက်နေ့နံနက်ပိုင်းက မြိုင်ကြီးငူအေးလင်သာယာ ကျောက်စာကွင်းနှင့် ရွှေမြတ်မျိုးကြွယ်(အုန်းတော)ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်အလုပ်အကိုင်များကိုစွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြရသည့်အတွက် မိသားစုများစွာအခက်အခဲဖြစ်ကြရပြီး လူငယ်၊လူရွယ်များ ပညာသင်ကြားခွင့်ကို ထိခိုက်ဆုံးရှုံးရသည့်အတွက် တိုက်ပွဲရှောင်ရာဒေသများတွင် ပညာဆက်လက်သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို တတ်အားသရွေ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အေးချမ်းစွာဖြင့် မိမိတို့နေထိုင်ရာရပ်ရွာအသီးသီးသို့ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး၊ သားငယ်၊ သမီးငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေပျော်၍ စာတော်သောကလေးငယ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးဥက္ကဋ္ဌတို့က မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်းနှင့်ဆွေမျိုးများ နေအိမ်တွင်ယာယီတိမ်းရှောင်ရောက်ရှိနေသော အိမ်ထောင်စု(၃၇၃)စု၊ လူဦးရေ(၁၉၂၀)အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တစ်ပတ်စာ ဆန်ရိက္ခာ (၁၄၀)အိတ်နှင့် ဆီ(၁၈၆ ဒသမ ၅)ပိဿာ၊ ကျောင်းသား/ကျောင်းသူ ၂၅၈ ဦးအတွက် ပညာသင်စရိတ် ၃,၀၁၅,၀၀၀(သုံးဆယ်သိန်းတစ်သောင်းငါးထောင်)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုက်ပွဲရှောင်မိသားစုဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလားတူ ကမမောင်းမြို့တိုင်ပွဲရှောင်စခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို ရွှေမြတ်မျိုးကြွယ်(အုန်းတော)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် နယ်မြေခံတပ်မတော်မှတာဝန်ရှိသူတို့က တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၆၆၈)စု၊ လူဦးရေ (၂၉၄၇)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တစ်ပတ်စာရိက္ခာ ဆန်(၂၁၅)အိတ်၊ ဆီ(၃၃၄)ပိဿာ၊ အခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်းသား၊ ကျောင်းသူ ၅၇၀ ဦးအတွက် ပညာသင်စရိတ် ၆,၆၃၅,၀၀၀(ခြောက်ဆယ်ခြောက်သိန်းသုံးသောင်းငါးထောင်)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိုက်ပွဲရှောင် မိသားစုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)