ဘားအံ ဇွန် ၁
ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ရှိ ကျေးရွာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် အဆိုပါဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မြိုင်ကြီးငူအထူးဒေသနှင့်ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုးများနေအိမ်တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေထိုင်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြိုင်ကြီးငူအထူးဒေသ၊ အေးလင်းသာယာကျောက်စာကွင်း၌ မေလ ၃၀ ရက်နေ့နံနက်ပိုင်းက အခမ်းအနားဖြင့်ပေးအပ်ခဲ့ကြပြီး စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၈၃ ကတ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရုံးမှ ကိုးနဝင်းပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၅ ကတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)