ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းတွင် ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ

ကသာ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၃၀)ရက်နေ့၊ ညနေ(၃)နာရီ အချိန်က ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက နွေရာသီအခြေခံအားကစားသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့သော ဘောလုံး၊ ကြက်တောင်၊ တင်းနစ်နှင့် Fitness Dance အားကစားနည်းများအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ကြက်တောင်ပြိုင်ပွဲ လူသစ်တန်း(အကြီးတန်း၊ အငယ်တန်း)တွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများနှင့် သင်တန်းသားထူးချွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကသာခရိုင်မှရရှိခဲ့သည့် ဒုတိယဆုဒိုင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်အား ပေးအပ်ခဲ့ပြီး ကသာ Exercise is Medicine အဖွဲ့မှ တက်ရောက်လာသူများအား Fitness Dance အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ချစ်ကြည်ရေးခြေစမ်းပွဲအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကသာဧရာလူကြီးအသင်းနှင့် Katha Youth FC အသင်းတို့က ချစ်ကြည်ရေး ခြေစမ်းပွဲကို ဆက်လက်ကစားခဲ့ကြောင်း၊  ကသာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းအဖြစ် ဘောလုံး၊ ကြက်တောင်၊ တင်းနစ်နှင့် Fitness Dance အားကစားနည်းများကို ဧပြီလ(၂၅)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နေခ (ပြန်/ဆက်)