ကျိုက်လတ် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၄)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျက မြို့နယ်အမျိုးသမီးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ပြောကြားပြီး ကော်မတီ အနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လိုအပ်ချက် များ၊ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ ညှိနှိုင်းဆောင်ရွက် တင်ပြသွားကြရန်၊ မြို့နယ်အဆင့် အမျိုးသမီး အခွင့်အရေးများဆိုင်ရာ အသိ ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်သွားကြရန်၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေး အသိပညာပေးဆွေးနွေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းဝင်းက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ ဖွင့်လှစ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများ ပို့ချပေးမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်ခံရသော အမျိုးသမီးများအား ချိတ်ဆက် ကူညီဆောင်ရွက်ပေးမှုလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝကောင်းမွန်စွာ ဖွံ့ဖြိုး စေရန် ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသည့် ကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများအိမ်တွင်း သက်မွေးလုပ်ငန်းများ၊ ရပ်ရွာ အခြေပြုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်