ဒေးဒရဲမြို့၌ မိုးစပါးအထွက်တိုးတက်​ရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပို့ချ

ဒေးဒရဲ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ဧကများ အထွက်နှုန်းတိုးတက်စေရေးအတွက် နည်းပညာများ ဖြန့်ဝေပို့ချခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ(၄)နာရီက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မိမိတို့မြို့နယ်အနေဖြင့် မိုးစပါးနှင့် နွေစပါးစိုက်ဧကများ လျာထား ချက်အတိုင်း စိုက်ပျိုးပြီးစီးနိုင်ရေး၊ တောင်သူများ၏ အခက်အခဲများ၊ နည်းပညာလိုအပ်ချက် များကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆွေးနွေးပွဲကျင်းပ ခြင်းဖြစ်၍ ဒေသခံများအနေဖြင့် မိမိတို့၏ အခက်အခဲများကိုဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုးက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက လယ်မြေများ အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးနည်းပညာများ၊ ဓာတ်မြေသြဇာ အချိုးကျသုံးစွဲ ရေးနှင့် ရာသီအလိုက် ကျရောက်တတ်သော ဖျက်ပိုးများအား ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် အခက်အခဲများကိုတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက မိုးစပါးစိုက်ပျိုး ဖြစ်ထွန်းနေမှုများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း