ရှမ်းရွာသစ် စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကိုဗစ် -၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန်၊ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု လျော့ချစေရန် ရည်ရွယ်၍ ယမန်နေ့တွင် ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာ အုပ်စု၊ ခလော့ဒေးကျေးရွာရှိ ကျေး လက်ကျန်းမာရေး ဌာနခွဲ၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ဒေသနေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက နို့တိုက် ကျွေးပုံနည်းလမ်းများ၊ စနစ်တကျ အာဟာရ စားသုံးခြင်းနှင့် အစာအုပ်စု (၃)အုပ်စု သိကောင်းစရာများ၊ ကိုယ်ဝန်ကို စနစ် တကျ စောင့်ရှောက် ခံယူရမည့် အကြောင်းအရာများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးပြီးနောက် ကိုယ်ဝန် ဆောင်မိခင် များအား ကာကွယ်ဆေးများထိုးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာ ရေးနှင့်အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)