ဖျာပုံမြို့နယ်၊ အမာမြို့၊ မမွှေးကွင်းကျေးရွာ၊ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းတွင် မိုးရာသီ ဒီရေတော တစ်အုပ်တစ်မစိုက်ပျိုး

ဖျာပုံ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ မမွှေးကွင်းကျေးရွာ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းကွင်းအမှတ်( ၅၉)တွင် ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီဒီရေတော တစ်အုပ်တစ်မစိုက်ပျိုးပွဲကို မေလ (၂၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျေးရွာ သစ်တောကြိုးဝိုင်းအတွင်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါ မိုးရာသီ ဒီရေတော တစ်အုပ်တစ်မစိုက်ပျိုးရာတွင် ပျဉ်ဒရယ်သစ်တောကြိုးဝိုင်း ကွင်းအမှတ် (၅၉)တွင် သမဲ့ကြီး ၃၀၀ ပင်၊ ဗြူးရွှေဝါ ၃၀၀ ပင်၊ ဗြူးဟုပ်ဆောင်း ၃၀၀ ပင်၊ ကျန ၃၀၀ ပင်၊ စုစုပေါင်းပျိုးပင် (၁၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

ထို့သို့ မိုးရာသီ ဒီရေတော တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ အမာမြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပါဝင်တက်ရောက် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)