မာလကာကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပြီး ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများဆောင်ရွက်

အိမ်မဲ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု မာလကာကုန်းကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာပြည်သူလူထုနှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပြီး ဖုံး၊ သွန် ၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစိုးလင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ထိန်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် ကျေးရွာနေပြည်သူများ စုပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစိုးလင်းအောင်က သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေရှိပါက ဆောင်ရွက်ရန် နည်းလမ်းများ အစရှိသည့် သိကောင်းစရာများကို ဟောပြောပြီး မာလကာကုန်းကျေးရွာမှ အိမ်ခြေ (၁၇၀)ကျော်အား ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၀)ဦးကျော်ရှိကြောင်းလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)