ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်ပြီး မြိတ်တက္ကသိုလ် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံ၍ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု

မြိတ် မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မြိတ်မြို့ အထက (၃) ကျောင်း၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြရာ အ.ထ.က (၁) မြိတ်မှ Grade-10 ကျောင်းသား/သူများက “ မြန်မာ့ကျောင်း” သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကို “ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတော်သစ်” အဖြစ် တည်ဆောက်ရာမှာ ထူးချွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးလိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမယ့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဟာ အခြေခံကျတဲ့ လိုအပ်ချက်လည်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာအောင် မြင့်တင်ဆောင်ရွက်ပေးရမှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပညာသင်ယူရန် အခက်အခဲရှိသော ကလေးများအား ထောက်ပံ့ပစ္စည်းများ၊ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို  ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပေးအပ်ခဲ့ကြပြီး အ.ထ.က (၃) မြိတ်မှ Grade-10 ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက (၃) ကျောင်း၌ ကျောင်းအပ်နှံဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး မြိတ်တက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်နှင့် ဆရာ/မများအား တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ရာ ဝန်ကြီးချုပ်က ကျောင်းသား/သူတွေ၏ အနာဂတ်သည် ဆရာ/မများရဲ့ လက်ထဲမှာရှိကြောင်း၊ ကလေးတွေသည် မိဘပြောစကားထက် ဆရာ/မပြောစကားကို ပိုပြီးနားထောင်ပါကြောင်း၊ ဆရာ/မများအနေဖြင့် ကလေးတွေကို ရှေ့လျှောက်ပြီး အင်မတန်မှလှပတဲ့ အနာဂတ်တွေရရှိအောင် ဝိုင်းဝန်းပြီး အတန်းပညာအပြင်၊ အတတ်ပညာတွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးပညာရပ်တွေ၊ ကောင်းမွန်တဲ့စာရိတ္တနဲ့ စိတ်နေစိတ်ထားတွေ၊ လိုအပ်တဲ့ စဉ်းစား တွေးခေါ်ဉာဏ်တွေကအစ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင် (၁၄) ဦးတို့က အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့ကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်၏ ဘာသာရပ်ဆိုင်ရာပြခန်းများ၊ အဏ္ဏဝါသိပ္ပံပြခန်းများကို ကြည့်ရှု အား‌ပေးခဲ့ကြသည်။ ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုလဲရတနာခန်းမတွင်ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲတက်ရောက်၍ ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ရှေ့ဆက်၍ ဆက်လက်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြား၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)