ဇီးကုန်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် စာရေးဆရာအသင်းမှ မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ (၂၀၂၂) ဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ၌ ယမန်နေ့နေလည်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တတိယအကြိမ် စာပေညီလာခံသို့ တက်ရောက်ခဲ့သော ဇီးကုန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ထွန်း (မင်းသွေးနွယ်-ဇီးကုန်း) မှ မြန်မာနိုင်ငံ စာရေးဆရာများအသင်း စာပေညီလာခံဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များ၊ အသင်း၏ ရည်ရွယ်ချက် (၄) ချက်နှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၉) ရပ်အား ရှင်းလင်း တင်ပြပြီး၊ စာရေးဆရာများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ပြည်သူလူထုအကျိုးပြုမည့် လုပ်ငန်းများကို ရှေးရှုဆောင်ရွက်နိုင်ရေး၊ မျိုးဆက်သစ်စာရေးဆရာများ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင်ပေးရန်တို့ကို တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် စာရေးဆရာအသင်းနာယက ဦးအေးရွှေ (နေဝန်းနီ) မှ စာပေဆိုင်ရာ အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အဖွဲ့ဝင်များမှအဖွဲ့၏ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြရာ အဖွဲ့ဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)