သရက် မေ ၃၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာညွန့်ရွှေအောင်က အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်နွဲ့နွဲ့စမ်းက အခြေခံပညာကျောင်းများတွင် ဆေးထိုးနှံမည့်စာရင်းနှင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ခင်ဌေးလှိုင်က သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အခြေအနေများကို ရှင်းလင်းရာ စာရင်းကောက်ယူထားသည့် ကျောင်းသား၊ ကျောင်းသူ (၆၃၀၇)ဦးအား ဇွန်လ ၂ ရက်နေ့မှ စတင်၍ ဆေးထိုးအဖွဲ့(၉)ဖွဲ့မှ ကျောင်းများအရောက် ထိုးနှံသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိရှိလို၍ မေးမြန်းသည်များကို ရှင်းလင်းပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာန အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(ပြန်/ဆက်)