ဆင်ပေါင်ဝဲမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆင်ပေါင်ဝဲ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၅)နှစ်အထိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ "ယခုအခါစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် အသက်(၁၂)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးရတော့မည်ဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့်ပညာရေး၊ ကျန်းမာရေး၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာစာသင် ကျောင်းများတွင် စုရပ်ထား၍ ကာကွယ်ဆေးများထိုးနှံကြရန်နှင့် ကျောင်းသူ/သားစာရင်းများ ပြုစုရာတွင်လည်း တိကျမှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရန်"စသည်ဖြင့် ပြောကြားသွားသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် အထက(၉)ကျောင်း၊ အထက(ခွဲ)(၂၉)ကျောင်း၊ အလက(၃၀)ကျောင်း၊ အလက(ခွဲ)(၃၁)ကျောင်း၊ အမက(၂၄)ကျောင်း၊ အမက(ခွဲ)(၃)ကျောင်း၊ မူလွန်(၂၀)ကျောင်း၊ စုစုပေါင်း(၁၄၆)ကျောင်းရှိပြီး အသက်(၁၂)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူများကို ဇွန်လ (၂)ရက်နေ့မှစတင်၍ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)