မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး DICA ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ ဧပြီလအတွင်း ဆောင်ရွက်နိုင်မှုသည် လျာထားချက် ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရတဲ့အတွက်ကြောင့် မိမိတို့ တိုင်းဒေသကြီးအနေဖြင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲအချို့ရှိသော်လည်း လျာထားချက်ပြည့်မှီစေရေး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြုပါကြောင်း၊ ဒီလိုလုပ်ငန်းဆောင်ရွက်ကြရာမှာ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာဖြစ်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုရယူရန် လိုအပ်ပါကလည်း အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။
စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိနိုင်ဖို့အတွက် စားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူကိုယ်တိုင်တွေ့ဆုံ စစ်တမ်းကောက်ယူခြင်း (၂၂၀)ဦးနဲ့ Online ဖြင့်ကောက် ယူခြင်း(၈၀)ဦး၊ စုစုပေါင်း(၃၀၀)ဦးကို လျာထားချက်အတိုင်း ကောက်ယူပြီးစီးပါကြောင်း၊ စစ်တမ်းရလဒ်တွေကိုလည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံသုံးသပ်၍ ရလဒ်အစီရင်ခံစာကို မကြာမီ ထုတ်ပြန်ပေးရန်ရှိပြီး ကော်မတီအဖွဲ့ဝင်များသို့လည်း အသိပေးသွားမှာဖြစ်ပါကြောင်း။
ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ကြရာတွင်လည်း လုပ်ငန်းရှင်များကို တွေ့ဆုံအသိပညာပေးခြင်းများ ဆောင်ရွက်ရသကဲ့သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ပြီး မိမိတို့၏ ဆောင်ရွက်ချက်တိုင်းဟာ မျှတမှုရှိစေရေး၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ကြစေရေး အလေးထားကြရန် မှာကြားလိုပါကြောင်းနှင့် အန္တရာယ်ရှိကုန်စည်/ ဝန်ဆောင်မှုများ ဈေးကွက်မှာ ရောင်းချခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူဆောင်ရွက်သင့်သည်ကို ဝိုင်းဝန်းဖော်ထုတ် ဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရာမှာ လူသုံးအများဆုံးဖြစ်တဲ့ အန္တရာယ်ရှိနိုင်ချေများတဲ့ ကုန်စည်တွေကို အဓိကထား စစ်ဆေးနိုင်ဖို့ ဦးစားပေးကုန်စည်များ ဖော်ထုတ်သတ်မှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ မိမိအနေနဲ့ အကြံပြုလိုပါကြောင်း၊ ယခုလို စားသုံးသူရေးရာကော်မတီ အစည်းအဝေးကို တစ်လတစ်ကြိမ် ဆောင်ရွက်ကြမှာဖြစ်ပြီး ကော်မတီအဖွဲ့ဝင်များကလည်း မပျက်မကွက် တက်ရောက်ပေးကြဖို့နဲ့ စားသုံးသူကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့နှင့်ပတ်သက်သည့်အပိုင်းက မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေးတင်ပြကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ၁/၂၀၂၂ စားသုံးသူရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဌာန၏ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းတင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဖတ်ကြားရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန တာဝန်ရှိသူက အသားချောင်းနှင့် အသားလုံးစားသုံးရန်မသင့်သည့် တားမြစ်ထားသော ကုန်စည်အမျိုးအစား(၂၁)မျိုး အားလည်းကောင်း၊ တိုင်းဒေသကြီး ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စက်သုံးဆီများ၏ အရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်စေရန် သက်ဆိုင်ရာဌာနများဖြင့် အားလုံးပူးပေါင်း၍ စိစစ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်အကြံပြုဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)