ဗန်းမောက် မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှိ ရွှေပေလွှာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်မှ သင်ထောက်ကူပစ္စည်းများအား အခမဲ့ထောက်ပံ့ပေးနေပြီး ကျောင်းများအေးချမ်းစွာ ဖွင့်လှစ်သင်ကြားနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်ဌေးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၀၂)ကျောင်းရှိသည့်အနက် လက်ရှိတွင် (၁၀၇)ကျောင်းဖွင့်လှစ်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့အချိန်အထိ (၇၇၇၈)ဦး အပ်နှံထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေး၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမောင်မောင်ရင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်ဌေးတို့က နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများကို ပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)