စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသဆရာတော်များအား ဖူးမျှော်ကြည်ညိုခြင်းနှင့်သာသနာရေးဆိုင်ရာများ ဆွေးနွေးလျှောက်ထား

စစ်ကိုင်း မေ ၃၁

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသဖွံ့ဖြိုးရေးအတွက် သမိုင်ဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များအား ဖူးမျှော်ကြည်ညိုခြင်းနှင့်သာသနာရေးဆိုင်ရာလျှောက်ထားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြသိန်းတန်ဘုရားရှိ လေးဌာနထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ လေးဌာနစီမံအုပ်ချုပ်မှု ဩဝါဒါစရိယဆရာတော်ဘုရားအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က မင်းကွန်းဒေသဖွံ့ဖြိုးရေးအတွက် ရှေးဟောင်းသုတေသန၏ ခွင့်ပြုချက်၊ မူဝါဒများအညီ ဘုရား၊ စေတီ၊ ပုထိုးများ ရှေးမူမပြတ်ပြုပြင်မွမ်းမံခြင်းနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်မှု၊ ဈေးတန်းရှိ ဆိုင်ခန်းများ စနစ်တစ်ကျ ဖွင့်လှစ်မှု၊ ရန်ပုံငွေရရှိမှု၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည့်အခြေအနေ၊ ပြည်တွင်း/ ပြည်ပဘုရားဖူးပြည်သူများထဲမှ မသန်စွမ်းသူများ ဘုရားဖူးနိုင်အောင် လျှောက်လမ်းများ၊ ဝှီးချဲယားများ ဆောင်ရွက်သွားမည့်အခြေအနေ၊ မင်းကွန်းဒေသအပါအဝင် မင်းဝံတောင်ရိုး ရေရရှိမှု စိမ်းလန်းစိုပြည်ရေးအခြေအနေနှင့် ဆရာတော်များ၏ လမ်းခင်းလုပ်ငန်းများတွင်လိုအပ်မည့် ပစ္စည်းပံ့ပိုးသွားမည့် အခြေအနေများကို လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မင်းကွန်းတိုက်နယ် ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ မင်းကွန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျေးရွာပြည်သူများက လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)