ခန္တီးမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ခန္တီး မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က ကျောင်းအတွင်းရှိ ကျန်စစ်သားခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးမြို့နယ်ပညာရေးမှူး ဒေါ်လှလှမြင့်က ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အလှူရှင်များမှလှူဒါန်းသော ထောက်ပံ့ပစ္စည်း များနှင့် အလှူငွေများအား ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ခန္တီးတပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။ ခန္တီးမြို့နယ်တွင် ကျောင်းပေါင်း(၉၂)ကျောင်းရှိသည့်အနက် ယမန်နှစ်က (၇၅)ကျောင်း သာဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် မေလ(၃၀)ရက်နေ့အထိ (၈၁)ကျောင်းဖွင့်လှစ်ခဲ့ပြီး နောက်ထပ် ဖွင့်လှစ်မည့် ကျောင်းများရှိကြောင်းနှင့် ယနေ့အထိကျောင်းအပ်နှံသူ ကျောင်းသားဦးရေပေါင်း (၅၀၉၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဆေးယာထန်းထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)