လားရှိုးမြို့ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

လားရှိုး မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင် များမှ ဝန်ဆောင်မှုဆောင်ရွက်နေသောဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဇုန်ဥက္ကဋ္ဌ ဦးဇော်ဇော်က သင်တန်းဆရာများဖြစ်သော ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထွန်းဦးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်တို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး လားရှိုး၊ သိန္နီ၊ သီပေါ၊ လောက်ကိုင်တို့မှ သင်တန်းသား၊ သင်တန်းသူ(၁၇၅)ဦးတို့ဖြင့် (၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး