ပွင့်ဖြူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး စားဖိုဆောင်သီးနှံမျိုးစုံကို မိသားစုအပိုဝင်ငွေ တိုးပွားစေရေးအတွက် (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အဆိုပါ စားဖိုဆောင်သီးနှံများတွင် ခရမ်းစိမ်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း အညာကျေးလက်နေတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့် သီးနှံများကို အဓိက စီးပွားဖြစ်စိုက်ပျိုးကြပြီး အချို့တောင်သူများက တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှစေရန် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အများဆုံးစိုက်ပျိုးသည့် စားဖိုဆောင်သီးနှံများမှာ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပဲရှည်သီး၊ တိုင်ထောင်ပဲသီး၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ပန်းဂေါ်ဖီ၊ အာလူး၊ ရွှေဖရုံ၊ သခွါး၊ ကြက်ဟင်းခါး၊ ငရုတ်၊ ကြက်သွန်၊ ကန်စွန်း၊ ကိုက်လံ၊ ချဉ်ပေါင် စသည့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးကြပြီး စိုက်ပျိုးရေအဆင်ပြေသည့်အတွက် စားဖိုဆောင်သီးနှံစိုက်ပျိုးရေး လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ရောင်းချနေရ၍ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်ဒေသဟာ စိုက်ပျိုးရေအဆင်ပြေတာကြောင့် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပဲရှည်သီး၊ တိုင်ထောင်ပဲသီး၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ပန်းဂေါ်ဖီ၊ အာလူး၊ ရွှေဖရုံ၊ သခွါး၊ ကြက်ဟင်းခါး၊ ငရုတ်၊ ကြက်သွန်၊ ကန်စွန်း၊ ကိုက်လံ၊ ချဉ်ပေါင် စသည့်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ်တွင် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ ခရမ်းစိမ်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း အလုံးအကြီး အသေးပေါ်မူတည်ပြီး တစ်လုံးကို ငွေကျပ် (၁၅၀ ၊ ၂၀၀)နှုန်း ရောင်းချရသဖြင့် နေ့စဉ်မိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေတယ်ဗျာ့။ နောက်ပြီး ခရမ်းစိမ်းသီးနှံဟာ အခြားသီးနှံတွေထက် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အပြင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့အတွက် တောင်သူအများစုက အားထားစိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )