ပန်ဆောင် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စုပေါင်းဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား(၉၀)ဦးတို့ ကကျောင်းဝင်းအတွင်းရှိ ချုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်သယ်ယူ၍ စွန့်ပစ်ခဲ့ကြကြောင်းသိရသည်။ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်ကင်းဝေးစေရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူစိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဂျာယော်(ပန်ဆောင်)