ထားဝယ် စက်တင်ဘာ ၅
အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုနယ် မီးသတ်ဦးစီးဌာနရုံး၌ကျင်းပသည်။
အခမ်းအနားတွင်ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းမျိုးဝင်း က မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေအောင် ကာကွယ်စောင့်ရှောက်သွားရန်နှင့် မီးသတ်တပ်ဖွဲ့ရဲ့ရည်ရွယ်ချက်ဖြစ်သော “ပြည်သူလူထု၏ အသက် အိုးအိမ်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှကာကွယ်တားဆီးရန်နှင့် သဘာဝဘေး အပါအဝင်အခြားသော အန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်ရန်"ဆိုသည့်ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်အောင်မြင်ရန်အတွက် ချမှတ်ပေးထားသော ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့်(၁)မီးဘေးလုံခြုံရေး၊ (၂)သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊(၃)ရှာဖွေကယ်ဆယ်ရေး၊ (၄)ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့လုပ်ငန်းများကို ဦးစားပေး ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မီးငြှိမ်းသတ်ရေးလုပ်ငန်းအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင် တက်မြောက်စေရန် ယခုကဲ့သို့လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းမျိုးဝင်း က သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ် များပေးအပ်ပြီး သင်တန်းကို သြဂုတ် ၁၀ ရက်နေ့မှစက်တင်ဘာ ၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ထားဝယ်ခရိုင်ပြန်/ဆက်