ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဖျာပုံ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ် စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ စာရေးဆရာကဗျာဆရာ ဇေယျာဘုန်းမြင့်က မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "ဘာသာနှင့်စာပေ၊ စာပေနှင့် ဘာသာ" စာအုပ်မှ" စာပေကို ဖတ်ရှုခံစားနားလည်ခြင်း" ဆောင်းပါးအား ဖတ်ကြားဆွေးနွေးပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာဦးကျော်မြင့် (မောင်ယဉ်မိုး)က စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "ဘာသာနှင့်စာပေ၊ စာပေနှင့်ဘာသာ" စာအုပ်မှ "စာပေကို ဖတ်ရှုခံစားနားလည်ခြင်း" ဆောင်းပါးမှ စာပေဖတ်ရှုရာတွင် စာဖတ်အတွေ့အကြုံ ခံစားပြီးစာဖတ်ခြင်း၊ အနက်အဓိပ္ပါယ် ကောက်ယူပြီး စာဖတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်းနဲ့ စာဖတ်ခြင်းတို့ဖြင့် ဖတ်ရှုရခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)