အင်္ဂပူ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုးရာသီ၌ ဖြစ်ပွားတတ်သော ပိုးလောက်လမ်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဦးဆောင်သော ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့်ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ထမ်း၊ လူမူရေးအသင်းအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး အဖွဲ့ငယ်များခွဲကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှ သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)