ပလောက်မြို့တွင် ကျောင်းအပ်နှံရေးသတင်းပတ်အတွင်း ကျောင်းသား/သူပေါင်း (၁၁၂၉) ဦးလာရောက်အပ်နှံပြီးဖြစ်

ပလောက်   မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့တွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့ပေါ်ရပ်ကွက်များတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်၍ နေ့စဉ် (KG) အတန်းမှစ၍ ဧကာဒဿမတန်းအထိ ကျောင်းသားသူများအား ကျောင်းအပ်နှံမှုလက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၉ ရက်အထိ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံ ပညာကျောင်း(၄) ကျောင်းတွင်ကျောင်းသူ/သား ကျား(၅၀၆)ဦး၊ မ(၆၂၃)ဦး၊ စုစုပေါင်း (၁၁၂၉)ဦးလာရောက် အပ်နှံပြီးဖြစ်ကြောင်းတာဝန် ရှိသူများထံက သိရသည်။

အဆိုပါ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်သည့် နေရာသို့ပလောက်တပ်နယ်မှ တာဝန်ရှိသူများ၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ မူလွန် (၁)ကျောင်း၊ မူလတန်း(၂)ကျောင်း၊ စုစုပေါင်း(၅)ကျောင်းတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြားလူမှုရေးအဖွဲ့များနှင့်ပူးပေါင်းကာ ကျောင်းအပ်နှံရေးရက် သီတင်းပတ်အတွင်း နေ့စဉ်ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်လက်ခံ ဆောင်ရွက်ရာတွင်မည်သည့် အခကြေးငွေမျှကောက်ခံခြင်း/ လက်ခံခြင်းမပြုဘဲ၊ လာရောက် အပ်နှံသည့်ကျောင်းသား/သူတိုင်းအားဗလာစာအုပ်(၁)ဒါဇင်၊ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ခဲတံ(၂)ချောင်းနှင့် မှင်တံ (၂)ချောင်းတို့ကို (အခမဲ့)ထောက်ပံ့ပေးပြီးကျောင်းဝတ်စုံများကို မူယခုပညာသင်နှစ်အတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

နှင်းမြူလွင် (ပလောက်)