၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ထားဝယ်မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ထားဝယ် မေ ၃၀

ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အခမ်းအနားကိုမြန်မာ့ကျောင်းသီချင်း"ဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်သည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်သော လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသော လိုအပ်ချက်လည်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီမြှင့်တင်ဆောင်ရွက်ပေးရ မှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းအလေးထားအားပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသားပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေး(CESR) Comprehensive Education Sector Review အစီအစဉ်များချမှတ်ပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း(NESP)နှင့် ပညာရေးစေတနာရှင်များ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထားဝယ် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မေသိန်းက ထားဝယ်မြို့နယ်အတွက် ပုံနှိပ်ထောက်ပံ့မှုတွင်မူလတန်း အဆင့်တွင်(၂၁၃၅၇)စုံ၊ အလယ်တန်း (၁၃၄၀၀)စုံ၊ အထက်တန်း(၄၉၅၀)စုံ၊ စုစုပေါင်း(၃၉၇၀၇)စုံဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနကထောက်ပံ့သည့် မူလတန်း၊အလယ်တန်း၊ အထက်တန်းအဆင့်အတွက်   ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံများပေးအပ်ရာ ကျောင်းသား/သူများက လက်ခံယူပြီး " ဇာတိမာန်သီချင်း"ဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရသည်။

ရွှေပင်လယ်(ထားဝယ်)