ကျိုက်လတ် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇေယျာမင်းနှင့် ဝန်ထမ်းများသည် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ ကွင်းဆင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြုပုံများကို ရှင်းလင်းပြသ၍ အထပ်မြင့် အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် ရှာဖွေကယ်ဆယ်ရေး နည်းလမ်းအတွက် သရုပ်ပြသခဲ့ပြီး မီးသတ်ဆေးဘူး (DCP)များဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များမှ (Ladder) အသုံးပြု၍ ဒဏ်ရာရရှိနေသော လူနာအားကယ်တင်ပုံ၊ ကယ်တင်နည်းများ၊ ကြိုးအသုံးပြု၍ အထပ်မြင့် အဆောက်အအုံ မီးလောင်ရာတွင် မီးခိုးမွှန်၍ သတိလစ်နေသည့် လူနာအား ကြိုးတက်ကြိုးဆင်း နည်းလမ်းဖြင့် ကယ်ဆယ်ပုံ၊ ကယ်ဆယ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင် (၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီအားပေးကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ရီရီမြင့်