ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပေါင်းတည် မေ ၃၀

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပေါင်းတည်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးသောင်းဌေး (ယာယီ/တွဲဖက်)က ပညာသင်နှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော KG တန်းမှ Grade-11 အထိ စာရေးကရိယာ၊ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူးဝင်းကိုကိုနိုင်မှ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသောင်းဌေးအား ပေးအပ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့် (ပြန်/ဆက်)