ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ​သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဒေးဒရဲ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ ပူးပေါင်းအဖွဲ့များနှင့် လိုက်လံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခြင်ဆေးဖျန်းခြင်း၊ သောက်ရေသိုလှောင်ကန်များအား အဘိတ် ဆေးခတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို လိုက်လံ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၂၁) ကျောင်းအနက် အခြေခံပညာမူလတန်းကျောင်း (၁၁၃) ကျောင်းအား ဦးစားပေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အေဇာလင်း