ကန်ကြီးထောင့်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပုသိမ် မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နံနက် ၈ နာရီက  ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ သဘော့ချောင်းကျေးရွာလမ်းအတွင်း ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို  ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ပြည်သူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်စိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

ယနေ့ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ကံကော်၊ မဟော်ဂနီ၊ ရေတမာ စသည့် စုစုပေါင်း ပျိုးပင် (၂၉၁၀)ကို စိုက်ပျိုးခဲ့သည်။ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသစိမ်းလန်းစိုပြေ ရေး၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ် နိုင်ရန်၊ ဇီဝမျိုးကွဲမျိုးစုံတို့ ရှင်သန်ပေါက်ဖွားဖြစ်ထွန်းရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန် ရေးတို့ ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။

မြင့်ဟန်