မယ်စဲ့ မေ ၃၀
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဖွင့်ချိန် အတွင်း ကျောင်းသား / ကျောင်းသူများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၇ ကျောင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း / တပ်ဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ဂရုဏာရှင်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းဝင်းအတွင်း ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မြက်ပင်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်း ရေကန်အတွင်းမှ ခြင်ပေါက်ပွားနိုင်သည့် ပိုးလောက်လန်းများအား ခပ်ထုတ်ခြင်း၊ အိုးခွက်များ၊ တာယာဘီးခွန်များအား ဖယ်ရှားရှင်းလင်းခြင်းစသည့် ဖုံး၊ သွန်၊ လဲ ၊ စစ် လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)